မြန်မာအင်တာနက် စာမျက်နှာပေါ်က နိုင်ငံခြားစကား အသုံးအနှုန်း (Myanmar Internet)


မြန်မာအင်တာနက် စာမျက်နှာပေါ်က နိုင်ငံခြားစကား အသုံးအနှုန်း

ဘီဘီစီသတင်းဌာနက မြန်မာစာဌာနမှူး ဒေါ်တင်ထားဆွေ က “မြန်မာအင်တာနက် စာမျက်နှာပေါ်က နိုင်ငံခြား စကား အသုံးအနှုန်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီလိုဆွေးနွေးထားပါတယ်။

“… မြန်မာအင်တာနက် ပေါ်လာကတည်းက မြန်မာစာ အရေးအသားဟာ မူလကနဲ့စာရင် သိသိသာသာ ပြောင်းလာ ပါတယ်။ တနည်းအားဖြင့် အင်္ဂလိပ် စာလုံးတွေကို အဓိပ္ပါယ်ပြန်ဆိုမယ့်အစား အသံဖလှယ်စံနစ်ကို ပိုသုံးစွဲလာတာ တွေ့ရပါတယ်။
ဒါဟာလုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်သလို ခေတ်နဲ့အညီ ဘာသာစကားတိုးတက်ပြောင်းလဲလာတဲ့ သဘောလည်းဖြစ်ပါတယ်။ ဥပမာ လက်ရှိတိုးတက်နေတဲ့နည်းပညာကို အိုင်တီခေတ်လို့ သုံးစွဲရာမှာ လူတွေ တဖြည်းဖြည်းလက်ခံလာကြပါတယ်။ အလားတူ သိပ္ပံစကားလုံးတွေကိုလည်း အတိအကျဘာသာပြန်မယ့်အစား အသံထွက်အတိုင်းသုံးတာ ပိုအလုပ်ဖြစ်ပါတယ်။
မြန်မာပြည်ထုတ် သတင်းဂျာနယ်တွေထဲမှာ အိုင်တီအကြောင်းရေးသားထားတဲ့ဆောင်းပါးတွေမှာ ၀က်ဘ်ဆိုက်၊ ဖိုင်၊ အီးမေးလ်၊ ကုတ်နံပါတ်၊ အွန်လိုင်း စတဲ့စကားလုံးတွေ တွေ့မြင်ရပါတယ်။ အလားတူ စီဒီ၊ ဗီဒီယို၊ တီဗီ စတဲ့အသုံး အနှုန်းတွေကို တွင်တွင်ကျယ်ကျယ်တွေ့ရပါတယ်။ အခုခေတ်အသုံးများတဲ့ ရုပ်ရှင်လောက စကားလုံးတချို့ကို ကြည့်မယ်ဆိုရင် ဒရာမာ ဇာတ်လမ်း၊ ဖင်စီဇတ်ကား စသဖြင့် တီထွင် သုံးလာကြပါတယ်…”

ဒီအသုံးအနှုန်းတွေဟာ ဒေါ်တင်ထားဆွေပြောသလို ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတာလို့ ပြောနိုင်ပေမယ့် မလိုအပ်ဘဲ အင်္ဂလိပ် (သို့မဟုတ်) နိုင်ငံခြားစကားလုံးတွေကို မသုံးသင့်ပါဘူး။
မြန်မာစကားပြေ သက်သက်ဖော်ပြရင် အဓိပ္ပါယ် ရှင်းနေပေမယ့် မလိုအပ်ဘဲအင်္ဂလိပ်လိုထည့်ရေးလိုက်တဲ့အခါ စာဖတ်သူတွေအတွက် ရှုပ်ထွေးသွားနိုင်သလို စာပေရဲ့အရသာ ပျက်သွားနိုင်ပါတယ်။

စာဖတ်သူတွေအားလုံးဟာ အင်္ဂလိပ် (သို့မဟုတ်) နိုင်ငံခြားစကားလုံးတွေကို နားမလည်နိုင်တဲ့အတွက် ကိုယ်တင်ပြတဲ့ အကြောင်းအရာကို ဖတ်လိုစိတ်နည်းသွားနိုင်ပါတယ်။ ဒါ့အပြင်အတိမ်အနက် အသေအချာမသိတဲ့ နိုင်ငံခြား ဘာသာ စကားလုံးတွေသုံးမိရင် စာဖတ်သူအတွက်အဓိပ္ပါယ်လွဲပြီး အမှားမှားအယွင်းယွင်းတွေ ဖြစ်တတ်ပါတယ်။

ပညာရပ် ဆိုင်ရာစကားလုံး မျိုးတွေကိုတော့ General Reader လို့ခေါ်တဲ့သာမန်စာဖတ်သူတွေအတွက် အသံလှယ်ပြီး ရေးတာ အဆင်မပြေပြန်ပါဘူး။
လူအများ သိနားလည်ပြီးသား စကားလုံးတွေကိုတော့ ဒေါ်တင်ထားဆွေပြောခဲ့သလို အင်္ဂလိပ် စာလုံးတွေကို အဓိပ္ပါယ်ပြန်ဆိုမယ့်အစား အသံဖလှယ်စံနစ်နဲ့ရေးသား ကြတာကပိုပြီး အဆင်ပြေပါတယ်။

နောက်ပြီး ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းဖုန်းများနဲ့ပတ်သက်တဲ့ နည်းပညာစာအုပ်တွေကို မြောက်မြားစွာ ရေးသားနေကြတဲ့ ဦးအောင်မြင့်၊ ဦးအောင်လင်း၊ မျိုးသူရ၊ ဇော်လင်း (Youth)၊ သန်းထိုက် (ရွှေရိပ်) တို့ရဲ့စာအုပ်တွေအားလုံးမှာ မြန်မာလိုရေးသား၊ ရှင်းလင်းထား ပေမဲ့ စကားလုံး Terms တွေကိုအသံမလှယ်ဘဲ မူရင်းအင်္ဂလိပ်စကားလုံးများနဲ့သာ ရေးတာကိုတွေ့ရပါတယ်။

အင်္ဂလိပ်စာ မတတ်သူတွေ၊ လူတန်းစားအလွှာပေါင်းစုံဖတ်နိုင်အောင် အသံတွေသာဖလှယ်ပြီးရေးရမယ်ဆိုရင် ဒီစာအုပ်တွေထဲက Terms တွေအတွက်စာဖတ်သူမှာလိုက်ရှာနေရမှာဖြစ်ပါတယ်။
သူတို့စာအုပ်တွေမှာ Requset တစ်ခုခုလုပ်ထား တတ်ပါတယ်။ အဲဒါက ဒီစာအုပ်ကို ဖတ်နိုင်၊ လေ့ကျင့်နိုင်ဘို့ ဘယ်အဆင့် ဘယ် Windows၊ ဘယ် Software လေးတော့ကြိုတင်လေ့လာဘို့ သိထားဘို့ လိုပါတယ်ဆိုတဲ့ စာမျိုးကိုထဲ့ရေးတတ်ပါတယ်။ ရေးလဲရေးနိုင်ကြလို့ သူတို့စာအုပ်များနဲ့ဘဲ အများကြီးတတ်ခဲ့ရပါတယ်။


မလိုအပ်ဘဲ အသံလှယ်စံနစ်ကို သုံးရင်စာဖတ်သူအတွက် အင်္ဂလိပ်စာတတ်သူများတောင်ဘာပါလိမ့်ဆိုပြီး ပြန်စဉ်းစားရ တတ်ပါတယ်။ အသံထွက်တွေမှာ ကျနော်တို့မြန်မာနာမည်များကိုလဲ အင်္ဂလိပ်ဘာသာအသံလွှင့်ဌာန တွေက မှားပြောတတ် ပါတယ်။ 

ဥပမာ- ဒေါ်အောင်ဆန်းစုကြည်ကို “အောင်ဆန်းစူးခြည်း” လို့ဖတ်တတ်ကြပါတယ်။ 
ဒါကြောင့် ဘီဘီစီရုပ်သံလွှင့် ဌာနမှာ “Pronunciation” အသံထွက်ဌာနတစ်ခုသီးခြားဖွင့်ထားပြီးအသံထွက်အမှန်ကို သိချင်လို့ဆက်သွယ်မေးမြန်းသူတွေကို ရှင်းပြပေးပါတယ်။ 


တစ်ခါက မဂ္ဂဇင်းတစ်စောင်မှာ (မဂ္ဂဇင်း အမည်နှင့် ကာလကိုမမှတ်မိတော့ပါ) ဆရာဦးညိုမြ ရဲ့ ဆောင်းပါး တစ်ပုဒ်မှာ မဆလခေတ်က ဆရာဦးညိုမြ၊ ဆရာသော်တာဆွေ၊ ဆရာသာဂဒိုးတို့သုံးဦး အနောက်ဂျာမဏီနိုင်ငံ Frankfurt လေဆိပ်မှာ မြန်မာပြည်ပြန်ဘို့ လေယာဉ်စောင့်နေတုံးမှာ လေယာဉ်ထွက်ခါနီးအချိန် လူတစ်ယောက်လိုနေလို့ Announcer က ကြေငြာနေတာ “ယူနိုင်ယိုမိုင်ယ” ကျန်နေသေးတယ်၊ လေယာဉ်ထွက်တော့မှာမို့ သတင်းပို့ပါလို့ကြေငြာနေတယ်။

ဒါကို ဦးညိုမြက သတင်းစာဖတ်နေရင်းနဲ့ကြားတယ်။ ဒါပေမဲ့ ကာယကံရှင်က မရောက်သေးလို့ ထပ်ခါထပ်ခါ ကြေငြာနေတော့ ဦးညိုမြက စဉ်းစားတယ်။
“ယူ” ဆိုတာတို့မြန်မာတွေကို ဦး (U) လို့ခေါ်တာ (၀န်ကြီးချုပ်ဦးနုကို ယူနုလို့ဘဲခေါ်ကြပါတယ်)
နိုင်ယိုဆိုတာ “nyo” ပေါ့၊ မိုင်ယ ဆိုတာ “mya” ပေါ့၊
ဟိုက်! ယူနိုင်ယိုမိုင်ယ ဆိုတာ U Nyo Mya ငါဘဲဟ” ဆိုပြီး လေယာဉ်ပေါ်အမှီ လိုက်နိုင်ခဲ့တယ်။ ဒါတွေဟာ အသံထွက်တာ အသံလှယ် တာဟာ မှားနိုင်လို့ တဖက်လူ နားမလည်နိုင်ရင် အခက်တွေ့နိုင်လို့ အချို့လူသိနဲတဲ့စာလုံးတွေကို အသံမလှယ်သင့်ဘူးဆိုချင်တာပါ။


အင်တာနက်ခေတ် Myanglish နဲ့ SMS

အထက်မှာဖေါ်ပြခဲ့သလို အင်္ဂလိပ် စာလုံးတွေကို မြန်မာသံလှယ်ပြီးသုံးတာကို Eng-Myanmar ဖြစ်လို့ တစ်ချို့က အင်ဂမာ လို့ခေါ်ကြပါတယ်။
နောက်ပြီး ဒီနေ့ မြန်မာအင်တာနက် စာမျက်နှာပေါ်မှာ Chatting သမားတွေ အတွက် အသုံးအများဆုံးကတော့ မြန်မာစကားလုံးကို အင်္ဂလိပ်သံနဲ့ရေးတဲ့ Myanglish (သို့) Burglish ဘဲဖြစ်ပါ တယ်။

ဥပမာ- How are you? လို့မမေးဘဲနဲ့ “nay kaung lar” ဆိုတာမျိုးပေါ့။ နောက်ပိုင်းကြတော့ U know I know ဖြစ်ပြီး nay kg lar? ပေါ့။ ဒါကလဲမြန်မာတွေအချင်းချင်း Chatting ပေါ်မှာပြောကြ၊ ဆိုကြတာပါ။

Facebook ခေတ်မစားခင် ၂၀၀၅ ပတ်ဝန်းကျင်တွေမှာ Online ပေါ်နေ့စဉ်ရှိနေပါတယ်ဆိုတဲ့ Chatting လိုင်းသက်သက်လူတွေ အများကြီးရှိခဲ့ဘူးပါတယ်။ နေ့စဉ် Online ပေါ်မှာရှာကြဖွေကြနဲ့ပေါ့။ စာပေဗဟုသုတ၊ အလုပ်အကိုင်၊ တက္ကသိုလ်၊ ကောလိပ်တွေအကြောင်း ရှာတာမဟုတ်ဘဲ ရည်းစားရဘို့ ရှာနေတဲ့သူတွေက ၈၀% ရှိပါတယ်။

အခု Facebook ခေတ်မှာရော ???
တကယ်တော့လဲ Myanglish ဟာမြန်မာနိုင်ငံရဲ့ အင်တာနက်ခေတ်ဉီးပိုင်းမှာ Unicode မရခင်စပ်ကြား၊ မြန်မာအချင်းချင်းပြောဆိုဆက်သွယ်ရာမှာ အလွန်အဆင်ပြေလို့တတ်ကျွမ်းထားသင့် ပါတယ်။
ဒါပေမဲ့လဲ Online ပေါ်ကနေ နိုင်ငံတကာရှိ ကုမ္ပဏီများ၊ အလုပ်အကိုင်များ၊ တက္ကသိုလ်၊ ကောလိပ် တွေကိုဆက်သွယ် ရာမှာတော့ Myanglish နဲ့မဖြစ်ဘူးဆိုတာ သိထားပြီး အင်္ဂလိပ်လိုလဲ လေ့ကျင့်သင့်ပါတယ်။ နောက်ပြီး SMS (Short Message Service) ဆိုတဲ့စာတိုပို့တဲ့စနစ်ဟာလဲ မြန်မာအင်တာနက်စာမျက်နှာပေါ်မှာ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတို့ပေါ်မှာ အရှိန် အဟုန်ကြီးစွာနေရာယူလာခဲ့ကြပါတယ်။

SMS နဲ့ Slang လို့ခေါ်တဲ့ ဗန်းစကားတွေဟာ သူတို့နိုင်ငံရဲ့ကလေး၊ လူကြီးတွေ ကြားမှာလဲ ဒီနေ့အထိအလွန်ခေတ်စားဆဲပါ။ ဒါပေမဲ့ သူတို့ဆီမှာလဲ ကလေးတွေဟာ ကျောင်းတွေမှာစာရေးတဲ့အခါ၊ စာမေးပွဲ ဖြေတာတွေမှာ SMS တွေနဲ့သုံးကြလို့ သူတို့ဆီမှာလဲ ဦးနှောက်စား နေရပါတယ်။



ကိုလိုနီခေတ် Myanglish

ကိုလိုနီခေတ် Myanglish ဆိုလိုက်လို့စာရှုသူအံ့သြသွားနိုင်ပါတယ်။ တကယ်တော့ ဒီ Myanglish (or) Burglish အသုံး အနှုံးဟာ မြန်မာနိုင်ငံမှာ အင်တာနက်ခေတ်ကြမှပေါ်လာတာ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့နှစ်တစ်ရာကျော် ကိုလိုနီ ခေတ်ကထဲက ပေါ်ခဲ့တာပါ။ မြန်မာစာလုံးကို အင်္ဂလိပ်အသံထွက်နဲ့လှယ်တာကို အဲဒီခေတ်က Myanglish လို့မခေါ်တာ တစ်ခုပါဘဲ။

ဥပမာ-



K.S.M : Kyet thaye zaung shwe Salwe ya Min (ကျက်သရေဆောင် ရွှေစလွယ်ရမင်း) (Recipient of the Gold Chain of Honour) (၁၈၈၅-၁၉၄၈)


T.D.M : Thuye gaung ngwe Da ya Min (သူရဲကောင်းငွေဓါးရမင်း)(Recipient of the Silver Sword for Bravery) (၁၈၈၅-၁၉၄၈)


A.T.M : Ahmudan gaung Tazeik ya Min (အမှုထမ်းကောင်း တံဆိပ်ရမင်း)(Recipient of the Medal for Good Service) (၁၈၈၅-၁၉၄၈)


T.P.S :Taing kyo Pyi kyo Saung (တိုင်းကျိုးပြည်ကျိုးဆောင်)(One who has promoted the welfare of his Country) (၁၈၈၅-၁၉၄၈)

ဒါတွေကတော့ မြန်မာစာလုံးတွေကို အင်္ဂလိပ်လို စာလုံးပေါင်းပြီး ရှေ့ဆုံးစာလုံးတွေနဲ့ အတိုကောက် (Initialize) လုပ်ထားတာဖြစ်ပါတယ်။ K.S.M, A.T.M ဘွဲ့ကိုတော့ “ရွှေနန်းသုံး ဝေါဟာရအဘိဓာန်ကျမ်း” ကို စီရင်ရေးသားခဲ့တဲ့ ဦးမောင်မောင်တင် က ရရှိခဲ့တာဖြစ်ပြီး၊ တိုင်းကျိုးပြည်ကျိုးဆောင် (Taing kyo Pyi kyo Saung) ဆိုတဲ့ T.P.S ဘွဲ့ကတော့ ဇာတ်မင်းသား ဂရိတ်ဦးဖိုးစိန်ရခဲ့တာဖြစ်ပါတယ်။ အဆင့်တိုင်းမှာရရှိသူပေါင်း ၁၀၀ ကျော်မှ ၅၀၀ ကျော်အထိရှိပါတယ်။

အင်္ဂလိပ်ကဘွဲ့တို့ ရာထူးတို့ ပေးတာကိုသူတို့နဲ့ မတူအောင် ခွဲခြားပြီးပေးထားတာဖြစ်ပါတယ်။ စစ်ဘက်မှာ ဆိုရင်လည်း မျက်နှာဖြူအရာရှိတွေက ကက်ပတိန်၊ လက်ဖတင်နင် စတဲ့ ပုံမှန်ရာထူးတွေနဲ့ တာဝန်ထမ်းကြပေမယ့် တိုင်းရင်းသားတွေကိုလဲ မသုံးမဖြစ်သုံးရတော့ ဆူဘဒါ၊ ဂျမဒါ စတဲ့ (ပုံမှန်ထက် တဆင့်နှိမ့်ပြီး တီထွင်ထားတဲ့) အရာရှိ ရာထူးမျိုးတွေပဲ ပေးခဲ့တာပါ။

ဒီလို ပေးတဲ့အခါ ဘွဲ့ထူးတွေမှာလည်း OBE (Order of the British Empire) လို ဘွဲ့တွေနဲ့ ခြားနားအောင် (အချီးမြှောက်ခံ တိုင်းရင်းသားတွေလည်း ကျေနပ်အောင်) မြန်မာစကားလုံးတွေကို အင်္ဂလိပ်လိုပေါင်းအတိုကောက်လုပ်ပြီးတီထွင်ထားတာပါ။



အင်္ဂလိပ်စာကို Chatting ရိုက်ရင်းလေ့ကျင့်

အထက်မှာဖေါ်ပြခဲ့သလို လွန်ခဲ့တဲ့ ၂၀၀၅ ပတ်ဝန်းကျင်ကထဲက Chatting ရိုက်ရင်းပေါ့ပေါ့ပါးပါး အင်္ဂလိပ်လို စာရိုက်လေ့ကျင့်ဘို့ မစဉ်းစားကြပါဘူး။ ဒီလို လေ့ကျင့်ရင် အင်္ဂလိပ်စာလဲ တိုးတက်တာပေါ့။

ဥပမာ- Do u understand me? I don’t understand. လို့တောင်မရိုက်တော့ဘူး။ “u thi lar?” “I lel ma thi buu” ဖြစ်ကုန်ကြပါတယ်။
ဟိုဘက်ကလူက ကျား၊ မ မသိနိုင်ဘဲ Nickname နဲ့ မိန်းကလေးနာမည်နဲ့တက်လာရင် တကယ်မိန်းကလေးထင်ပြီး ချိတ်တော့တာပါဘဲ (အခု Facebook ခေတ်ပိုဆိုးသေး)။
နောက်ပြီး “Where r u chatting? I m chatting from Ygn/ Mdy.” မရေးတော့ဘူး “u bel ka chat nay tar lel?” “I ka Korea ka chat nay tar.” (တကယ်တန်းတော့ လှည်းတန်းက chat နေတာပါ)။
တစ်ဖက်က မြို့ထဲဘက်က chat နေတဲ့လူကလဲ ဘာရမလဲ “I ka lel Singapore ka chat nay tar” ဖြစ်ကုန်ကြပါတယ်။

ဒီလိုနဲ့ တကယ့် Online User များအဖြစ်ခံယူကြပြီးသကာလ လူခြင်းချိန်းတွေ့ကြ၊ တစ်ဖက်လူက အင်နေရင်၊ မချော မလှရင် ထွက်ပြေး၊ အမှန်အကန်ဆိုရင် ဆက်ဖန်၊ နှစ်တွေကြာခဲ့ပြီး Browser မသိ၊ Search Engine မသိ၊ Download, Upload မသိ၊ ဆိုင်ကလုပ်ပေးတဲ့ Gtalk မှာသာ Chatting ရိုက်တတ်ပြီး၊ Gtalk ဆိုတာ Gmail ကလာတာမသိ၊ Gmail နဲ့ Email တူ၊ မတူ မသိတဲ့ Online User ဘဝကနေ နေ့စဉ် မိုဘိုင်းဖုန်းနဲ့ Selfie ပုံတွေရိုက်ပြီး Online ပေါ် ကိုယ့်ပုံကိုယ်တင်နေတဲ့ FB User များအဖြစ် သို့ကူးပြောင်းလာခဲ့ကြပြီဖြစ်ပါတယ်။

(စကားချပ်- တကယ်တော့ Online ကို ကောင်းကောင်းမွှေနှောက်ပြီး သုံးနိုင်တဲ့ လူငယ်၊ လူကြီးတွေ၊ Web Developer, Android Developer, Programmer တွေလဲအများကြီးရှိပါတယ်။ လူငယ်များ လမ်းကြောင်းမှန်ကို သိသင့်ပါတယ်)။


ယခုစာရေးသူရဲ့ Post တွေမှာလဲ လိုအပ်ချက်အရ မူရင်းအင်္ဂလိပ်စာတွေဘဲ ထဲ့ရေးထားပါတယ်။ စာဖတ်သူတွေကိုယ်တိုင်က ကိုယ်ကြိုက်နှစ်သက်ရာစာတွေကိုရွေးဖတ်ကြပြီး သူ့တို့ဘာသာ လိုင်းကွဲသွားကြတဲ့အတွက် လူတန်းစားအလွှာပေါင်းစုံ ဖတ်နိုင်အောင် အသံလှယ်ပြီးမရေးသင့်ဘူးလို့ယူဆ ပါတယ်။

Leave a Reply

Translate »