သမိုင်းသုတေသနနည်း (Historical Research Method)

သမိုင်းသုတေသနနည်း (Historical Research Method)

သမိုင်းဘာသာရပ်နှင့်ပတ်သက်၍ အတိတ်သမိုင်းဆိုသည်မှာ လူ့ဘဝ၏ အတွေ့အကြုံအရင်းအမြစ် များကို ရှာဖွေတွေ့မြင်နိုင်သည့်အရင်းအမြစ်တစ်ခုဖြစ်ပေသည်။ အတိတ်သမိုင်းကို လျစ်လျူရှုခြင်း၊ မေ့လျော့ ထားခြင်းတို့သည် မဖေါ်ပြနိုင်လောက်အောင်များပြားသည့် သမိုင်းတန်ဘိုးများကို ဆုံးရှုံးနိုင်ပေသည်။

နိုင်ငံ တစ်နိုင်ငံသည် ၄င်း၏အတိတ်သမိုင်းကို ရည်ရွယ်ချက်ရှိရှိ မေ့ဖျောက်ထားခြင်း၊ အတိတ်သမိုင်း၏ အကောင်း အဆိုးကို မဝေဖန်၊ မသုံးသပ်နိုင်ခဲ့လျှင် အတိတ်သမိုင်း၏ အမှားများကိုလည်းအဖန်တလဲလဲ မှားယွင်း ကျူးလွန် နိုင် ပေသည်။
The nation which forgets its history is forced to repeat the same mistakes.
သမိုင်းဟူသည်မှာ ရာဇဝင်ကဲ့သို့ နယ်ပယ်ကျဉ်းမြောင်းသော စာစောင်မျိုးမဟုတ်ပေ။ လူမှုတစ်ရပ် လုံး၏ တိုးတက်ပြောင်းလဲလာပုံများကို ရာစုနှစ်များအစဉ်အတိုင်းဖြစ်စေ၊ ဆယ်စုနှစ်များအစဉ်အတိုင်း ဖြစ်စေ၊ သတ်မှတ်ခွဲခြား၍ စနစ်တကျဖေါ်ပြခြင်းဖြစ်သည်။

သမိုင်းသည် မည်သည့်အခါမှ ပြီးဆုံးခြင်းသို့မရောက် နိုင်သော လူမှုရေးရာသဘာဝ မှတ်တမ်းကြီးဖြစ်ပေသည်။ ယနေ့ယခု အသစ်သစ်ဖြစ်ပျက်နေသမျှသည် နောက်တစ်နေ့တွင် အတိတ်၏ အသွင်သို့ကူးပြောင်းသွားကာ သမိုင်းဝင်ဖြစ်သွားရပေသည်။

သမိုင်းဘာသာရပ်ကို အထူးပြုသင်ကြား၊ လေ့လာ၊ သုတေသနပြုနေကြသော ဆရာ၊ ဆရာမများ၊ သုတေသီများသည် သာမန်စာဖတ်သူ General Reader နှင့် မတူသည့်အချက်များမှာ ၄င်းတို့တွင် ဘာသာရပ်ဆိုင်ရာ (Subject Matter) ကျွမ်းကျင်မှု၊ အကြောင်းအရာ ဖြစ်စဉ်တစ်ခု၏ ခေတ်ပြိုင် သမိုင်းကြောင်း (Contemporary) နှင့် နောက်ခံသမိုင်းကြောင်း (Background History) ကို သိနားလည်မှု၊ နှိုင်းယှဉ်လေ့လာမှု (Comparative Study) ၊ ကြောင်းကျိုးဆက်စပ်မှု (Cause & Effect)၊ ဝေဖန်သုံးသပ်မှု (Analysis) စသည်တို့ပါ ဒွန်တွဲပါလာပေသည်။ သင်ကြားရေးအပြင် သုတေသနပြုမှု (Teaching & Research) တို့သည်လည်း အမြဲဒွန်တွဲပါ၀င်နေသည်။

ဖွံ့ဖြိုးတိုးတက်ခါစနိုင်ငံများ၏ အစိုးရအဖွဲ့တိုင်းသည် သုတေသနကိစ္စကို လျစ်လျူမရှုနိုင်ကြပေ။ ဘာတစ်ခုမှမရှိသော မူလအခြေအနေမှ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်အောင် တဟုန်ထိုးတိုးတက်လာစေရန် မှာ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်တိုးတက်လုပ်ဆောင်ရပေမည်။

တက္ကသိုလ်ကောလိပ်တို့၏ အသက်မှာ သင်ကြားရေးနှင့်သုတေသနပင်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် သုတေသနမှ နိုဘယ်လ်ဆု ရရှိသူများမှာ တက္ကသိုလ်ကောလိပ်များမှ ဖြစ်သည်ကိုတွေ့ရသည်။ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီးအောင်မြင်မှု ရလာဒ်များရရှိမှသာလျှင် ဟောင်းမြင်းဆွေးမြေ့နေပြီဖြစ်သော ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့မှ အလိုအလျောက်စွန့်ခွါနိုင်ပြီး ခေတ်သစ်ကမ္ဘာ သစ် အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
ထို့ကြောင့်သုတေသနလုပ်သည်ဆိုရာတွင် အသစ်အဆန်းကို တီထွင်နိုင်မှသာ သုတေသန လုပ်သည်ဟု ပုံသေမခေါ်ဆိုနိုင်ဘဲ သူများတွေ့ရှိလုပ်ကိုင်ပြီးသားများကို ပိုမို၍ စနစ်တကျဖြစ်လာအောင် တိုးတက်ကြံဆောင်ခြင်းသည်လည်း သုတေသနအမျိုး အစားတွင်ပါ၀င်ပေသည်။ အသစ်ထွင်ခြင်းနှင့် အဟောင်းပြင်ခြင်း နှစ်မျိုးစလုံးသည် သုတေသနအင်္ဂါရပ်များဖြစ်သည်။

သမိုင်းသည် လူသားတို့တွေ့ကြုံဖြစ်ပျက်ခဲ့ရသော အတိတ်ကာလ၏ ဘဝမှတ်တမ်းများကို ပုံပမာ ပြု၍ လက်ရှိမျက်မှောက်လူ့သဘာဝကို ပိုမိုကောင်းမွန်စေရန်နှင့် ဖြစ်ပျက်ပေါ်ပေါက်နေသော ပြဿနာရပ် များကို လွယ်ကူစွာဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ရေးသားထားသော စာတမ်းမော်ကွန်းကြီးဖြစ်ပေသည်။ ထိုသမိုင်းကို အမှီပြု၍ ထိုသမိုင်းကိုပင် ရေးသားပြုစုရသော နည်းလမ်းကို ပုံစံချ၍ စနစ်တကျပြုစုရသော သုတေသနနည်းကို သမိုင်းသုတေသနနည်း (Historical Research Method) ဟူ၍ခေါ်ဆိုသည်။

သမိုင်းသုတေသနနည်းသည် လွန်ခဲ့သော အတိတ်ကာလက ဖြစ်ပျက်တွေ့ကြုံခဲ့ရသမျှသော အကြောင်းအချက်အလက်များကို သမိုင်းရှုထောင့်အထွေထွေမှကြည့်ရှုပြီးလျှင် ကောက်နှုတ်ချက်ချပေး နိုင်သော သတ္တိရှိပေသည်။ သမိုင်းပညာရှင်ကြီးများ၏ ထုတ်ဖေါ်တင်ပြချက်အရ ယခုပစ္စုပ္ပန်ကာလတွင် ဖြစ်ပျက်နေသော လူမှုကိစ္စအထွေထွေတို့ကဲ့သို့ အလားတူဖြစ်ရပ်များသည်လည်း ရှေးအတိတ်ကာလတွင် ဖြစ်ပျက်ခဲ့တတ်ကြောင်းကို ရာဇဝင်၊ သမိုင်း၊ မော်ကွန်းအထောက်အထား များစွာဖြင့် တွေ့နိုင်ပေသည်။

သို့ဖြစ်၍ ယခုမျက်မှောက်ခေတ်တွင် အချို့သော လူမှုပြဿနာများကို ဖြေရှင်း၍မပြီး မပြတ်ဖြစ်နေ လျှင်သော်လည်းကောင်း၊ မည်သို့မျှဖြေရှင်း၍မအောင်ခက်ခဲရှုပ်ထွေးနေလျှင်သော်လည်းကောင်း၊ ထိုပြဿနာ ကိစ္စမျိုးများအား ရှေးယခင်အတိတ်ကာလက မည်သို့မည်ပုံ ဖြေရှင်းခဲ့ကြသည်က သမိုင်းသိပ္ပံသုတေသန ပညာရပ် (Historical Research Method) အကူအညီဖြင့် ရှာဖွေလေ့လာခြင်းကြောင့် အထောက်အထား လုပ်နည်းလုပ်ဟန်တို့ရနိုင်ပေမည်။

သမိုင်းပညာရပ်သည် လူသားတို့အမှန်တကယ်ကျင့်သုံးပြုမူခဲ့သမျှ အဖြစ် အပျက်၊ အကျိုး အကြောင်း၊ အဆိုးအကောင်းတို့ကို တပ်အပ်သေခြာစွာ ခုနှစ် သက္ကရာဇ် အစဉ်အတိုင်း ဆက်စပ် ဖေါ်ပြထားနိုင်စွမ်းရှိပေသည်။ သို့ဖြစ်၍ သမိုင်းသုတေသနနည်းသည် အထိရောက်ဆုံးနှင့် အသုံး အများဆုံး နည်းနာနိသျှ တစ်ခုဖြစ်လာသည်ကိုတွေ့ရသည်။

သမိုင်းကျမ်းရေးရန်ရည်ရွယ်သည်ဖြစ်စေ၊ စာတမ်းတစ်စောင်ရေးဖွဲ့ရန်ရည်ရွယ်သည်ဖြစ်စေ လိုက်နာ ရမည့် စည်းကမ်းများမှာအကြမ်းအားဖြင့်တူညီသည်သာဖြစ်သည်။ သုတေသီသည်ရေးသားရမည့် အကြောင်း အရာ (Subject) ကို ရှေးဦးစွာရွေးချယ်ရပေမည်။

နိုင်ငံတစ်နိုင်ငံ၏သမိုင်းကို
  • နိုင်ငံရေးသမိုင်း(political history)
  • နိုင်ငံခြားဆက်ဆံရေး သမိုင်း (foreign relation)
  • အုပ်ချုပ်ရေးသမိုင်း (administrative history
  • စီးပွားရေးသမိုင်း (economic history)
  • လူမှုရေးသမိုင်း (social history)
  • ယဉ်ကျေးမှုသမိုင်း (cultural history)
  • သာသနာရေး သမိုင်း (history of religion)
  • စစ်သမိုင်း (history of warfare)
စသည်ဖြင့် ခွဲခြားထားရာ ယင်းတို့မှ မိမိစိတ်ပါ၀င်စား အားသန်တာကို ရွေးသင့်သည်။

ဤကဲ့သို့ကြိုက်နှစ်သက်ရာ အကြောင်းအရာကို ရွေးချယ်ပြီးနောက် ပုဂံခေတ်၊ အင်းဝခေတ်ဦး၊ အင်းဝခေတ်လယ်၊ အင်းဝ နှောင်းခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ဦး၊ ကုန်းဘောင်ခေတ်နှောင်း၊ ဗြိတိသျှခေတ်၊ မျက်မှောက်ခေတ် စသည်ဖြင့် ခေတ်အပိုင်းအခြားကို ရွေးချယ်ရပေမည်။ ဤသို့ခေတ် အပိုင်းအခြားကို ရွေးပြီးမှ ၄င်းခေတ်တို့၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သာသနာရေး၊ စစ်ရေး စသည့်ခေါင်းစဉ်များကို ရေးသားနိုင်ပေမည်။

မိမိစိတ်ကြိုက်အကြောင်းအရာကို ရွေးချယ်ပြီးသောအခါ ထိုအကြောင်းအရာနှင့်ဆိုင်သော အထောက်အထားများကို ရှာဖွေစုဆောင်းရပေမည်။

ရာသီစာတမ်း (Term Paper) တစ်စောင်အတွက် အထောက်အထားအတော်အသင့်ရှိလျှင် လုံလောက် သော်လည်း သမိုင်းကျမ်းတစ်စောင် (M A Thesis, Ph D Thesis) ရေးသားရန်မူ အထောက်အထား လုံလောက်ရန် အရေးကြီးပေသည်။ အထောက်အထားမလုံ လောက်လျှင် ကျမ်းရေးရာတွင် အချက်အလက်မပြည့်စုံရုံမက အဆင်မပြေလျှင် တစ်ပိုင်းတစ်စနှင့် ဆက်၍ ရေးမရအောင်ဖြစ်တတ်သည်။

ထိုအခြေအနေမျိုးရောက်လျှင် အချိန်ကုန်လူပန်းရ၍ အကြောင်းအရာသစ်ကို ထပ်မံရွေးချယ်ရပြန်သည်။ ဤကဲ့သို့ မဖြစ်စေရန် မူလကပင် အထောက်အထား ပေါများသည့်အကြောင်း အရာကိုသာ ကျမ်းအတွက်ရွေးချယ်သင့်သည်။ ယေဘူယျအားဖြင့် အထောက်အထားနှစ်မျိုးသာ ရှိသည်။ မူရင်းအထောက်အထား (Primary Source) နှင့် တစ်ဆင့်ခံအထောက်အထား (Secondary Source) တို့ဖြစ်သည်။



မြန်မာရာဇဝင် သမိုင်းများကို မှတ်တမ်းတင်ရာတွင် ၄ မျိုးရှိသည်ကို တွေ့ရသည်။ ယင်းတို့မှာ
  • (က) ကမ္ပည်းကျောက်စာ ရာဇဝင် (History as recorded in inscriptions.)
  • (ခ) မင်း၏ အလိုတော်အတိုင်း ပညာရှိတို့ စီရင်ရေးသားရသော ရာဇဝင် (History as written by the learned by royal order.
  • (ဂ) ပါးစပ်ရာဇဝင် (History as handed down by word of mouth (oral history).
  • (ဃ) သဘင်သည်တို့ ဇာတ်သဘင်ကျင်းပကပြကြသောရာဇဝင် (History as acted in plays.)
ဟူ၍ လေးမျိုးရှိသည်ကို တွေ့ရ သည်။
ကမ္ပည်းကျောက်စာ ရာဇဝင်မှာ ရှေးခေတ်က မင်း၊ မှူးမတ်၊ ရဟန်းပညာရှိ၊ လူပညာရှိတို့သည် နှောင်းခေတ်လူများမှတ်သားနိုင်ရန် ရှေးစကားအတိုင်း အပိုအလိုအမြှောက်အပင့်မပါဘဲ ကမ္ပည်းကျောက်စာ များရေးထိုးခဲ့ကြသည်။ ထို ကမ္ပည်းကျောက်စာတို့သည် ခိုင်လုံသောမှတ်တမ်းများ (Primary Sources) များ ဖြစ်ကြသည်။

မင်း၏အလိုကျ ပညာရှိတို့ရေးသားရသော သမိုင်းတို့မှာ မင်း၏အကြိုက်ကို လိုက်၍ ရာဇပြစ်ဒဏ် ကင်းလွတ်အောင် ရေးသားရသောကြောင့် အကျိုး အကြောင်း အမှားအမှန်ကို ကုန်စင်အောင် မဖေါ်ပြရသည့် အတွက် မင်းတစ်ပါး၏ လက်ထက်တွင် အဖြစ်အပျက်အမှန်ကို အပြည့်အစုံမသိရဘဲ အချီးအမြှောက်များသာ များပြားနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် အချို့သောပညာရှင်များက ဤကဲ့သို့သော သမိုင်းမျိုးကို မုသားနှင့် အကြွားများသည်ဟုဆိုကြသည်။

မျက်မှောက်ခေတ်တွင်လည်း အာဏာရှင် အုပ်ချုပ်ခဲ့သော နိုင်ငံများတွင် ဤသို့သော သမိုင်းမှတ်တမ်းမြောက်မြားစွာ ရှိနေသေးသည်ကို တွေ့ရသည်။

ပါးစပ်ရာဇဝင်မှာမူ မဟုတ်မမှန်သည်များကို ပိုမိုချဲ့ထွင် ပြောဆိုခြင်းဖြစ်၍ ကား သည်ဟု ပညာရှင် များက ဆိုကြသည်။

ရှေးခေတ်နှင့် အချို့သောဇာတ်ရာဇဝင်များမှာမူ ရာဇဝင်သမိုင်းကြောင်းအတိုင်း မဟုတ် ဘဲ တိုင်းပြည်နှင့်မင်းတို့ကို အမှန်ပြောကြ၍ အလွမ်းအဆွေးနှင့် မဟုတ်မမှန်သည်များကို ကျင်းပ ကပြကြ သောကြောင့် အတည်မှတ်ယူ၍မရပေ။

သမိုင်းသုတေသနပြုစုသူများအတွက် မူရင်းအထောက်အထားများ Primary Sources ကို ရှာဖွေရာ တွင် အဓိကအခက်အခဲမှာ ၄င်းအထောက်အထားများသည် မည်သည့်နေရာတွင်ရှိ၍ မည်သို့ရယူရမည်ကို သိရှိရန်ဖြစ်သည်။

မူရင်းသမိုင်းအထောက် အထားအများစုမှာ ပုံနှိပ်ထုတ်ဝေခြင်းမပြုဘဲ သက်ဆိုင်ရာ မော်ကွန်းတိုက် (Archives) များတွင်သာ သိမ်းဆည်းထိန်းသိမ်း ထားသည်ကိုတွေ့ရသည်။

အချို့သော မူရင်းအထောက်အထားဖြစ်သည့် အပြန်အလှန်ပေးစာများ (Correspondences) များသည် ၄င်းတို့ အချင်းချင်း အပြန်အလှန်ပေးပို့သည့်အချိန်က ပုံနှိပ်ထုတ်ဝေခြင်းမပြုဘဲ နောင်နှစ်များစွာကြာမှ ပုံနှိပ် ထုတ်ဝေ သကဲ့သို့ အချို့ကိုလည်း Digital Copy ပြုလုပ်၍ သက်ဆိုင်ရာ မော်ကွန်းတိုက်၊ စာကြည့်တိုက်၊ တက္ကသိုလ်၊ ကောလိပ်များ၏ အင်တာနက် ၀က်ဘ်ဆိုက် များပေါ်တွင် တင်ထားကြသည်ကို တွေ့ရသည်။

Types of Sources and Where to Find Them: Primary Sources ,
University of Illinois at Chicago:
https://www.library.illinois.edu/hpnl/tutorials/primary-sources/

အိုင်စီတီခေတ်တွင် အင်တာနက်ကိုနည်းလမ်းမှန်ကန်စွာနှင့် အကျိုးရှိစွာ အသုံးချနိုင်သူများအဖို့မှာ ၄င်း Primary Source များကို ရရန် ဝေးလံသည့်နေရာများသို့ အချိန်ကုန်၊ အပင်ပန်းခံကာ သွားရန်မလိုဘဲ မိမိအိမ်၊ ကျောင်း၊ ရုံးများမှ လက်တစ်ကမ်းအကွာမှ ရယူနိုင်ပေသည်။

တစ်ခါတစ်ရံ သုတေသီတို့အတွက် အခက်တွေ့စေသည်မှာ မိမိအတွက်အရေးပါသည့် မူရင်း အထောက်အထား ဖြစ်နေသော်လည်း မိမိနားလည်သည့် မြန်မာစာ၊ အင်္ဂလိပ်စာများနှင့်မဟုတ်ဘဲ အခြား ဘာသာစကားများ ဖြစ်နေတတ်၍ မိမိအတွက် လွယ်ကူအသုံးတည့်သော မူရင်းအထောက်အထားကို ရှာဖွေ နိုင်ရန်လည်း လိုအပ်ပေသည်။

မူရင်းအထောက်အထားတွင် ခေတ်ပြိုင်ကာလတွင် ရေးဆွဲမှတ်တမ်းတင်ထားသည့် Visual Sources များဖြစ်သည့် ဓာတ်ပုံ၊ ပိုစတာ၊ ရုပ်ပုံ၊ ကာတွန်း စသည်တို့လည်းပါ၀င်သည်။

သုတေသနပြုစုသူများအတွက် မူရင်းအထောက်အထားများကို ရှာဖွေရာတွင် အောက်ပါအချက် သုံးချက်ကို သတိပြုသင့်သည်။
  • (က) ယင်းမူရင်းအထောက်အထားသည် မည်သည့်အချိန်၊ မည်သည့်နေရာဒေသတွင် ဖြစ်ပျက်ခဲ့ သည်ကို သိရှိရန်
  • (ခ) ယင်းကို မည်သူက ဖန်တီးပေါ်ပေါက်စေခဲ့သည်ကို သိရှိရန်
  • (ဂ) ဤအထောက်အထားကို မည်သည့်ရည်ရွယ်ချက်နှင့် ရေးသားခဲ့သည်ကို သိရှိရန် တို့ဖြစ်သည်။


  • ၂၀၁၉ ဖေဖေါ်ဝါရီလတွင် သာသနာရေးဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ နေပြည်တော်တွင် ကျင်းပသော
    “သမိုင်းအထောက်အထားအရင်းအမြစ်များကို ရှာဖွေခြင်း” စာတန်းဖတ်ပွဲတွင်
    “ICT ခေတ်တွင် သမိုင်းအထောက်အထားအရင်းအမြစ်များကို Online မှ ရှာဖွေခြင်း” ခေါင်းစဉ်ဖြင့်ဖတ်ကြားခဲ့သည့် စာတန်းမှကောက်နှုတ်ဖေါ်ပြချက်ဖြစ်ပါသည်။

    In February 2019, the Ministry of Religious Affairs; Department of Historical Research and National Library held a reading on “Finding Historical Resources” in Nay Pyi Taw. Excerpt from an article I read entitled “Searching for Historical Resources Online in the ICT Age”


Leave a Reply

Translate »