Gmail နဲ့ Email မရှင်း မရှင်းဖြစ်နေသူများ (Gmail Vs Email)

Gmail နဲ့ Email မရှင်း မရှင်းဖြစ်နေသူများ

ဌာနကြီးတစ်ခုမှာ တာဝန်ကျနေတဲ့ တပည့်တစ်ယောက်နဲ့တွေ့လို့ သူ့တာဝန်က နေ့စဉ် Email တွေကို ဖွင့်ဖတ်ရတာပါတဲ့။

ဒါနဲ့ Email နဲ့ Gmail ဘာကွာလဲ ဆိုတော့ တူလား? မတူတာလား? ဘာကွာတာလဲလို့ သူကပြန်မေးတယ်။

ပြောရတာရှင်းရတာတော်တော်ရှည်လို့ ဒီ Post ကိုရေးပါတယ်။ ဒီ ဆောင်းပါးက လွန်ခဲ့တဲ့ ၅ နှစ် ဆရာမောင်ဝံသ တို့ရဲ့ ပြည်သူ့ခေတ်ဂျာနယ်မှာ “ကိုဆွေ” ဆိုတဲ့နာမည်နဲ့ရေးခဲ့တဲ့ ICT နဲ့ သမိုင်းဆောင်းပါး အပုဒ် (၃၀) ကျော်ထဲက တစ်ပုဒ်ဖြစ်ပါတယ်။

7Days News Journal တစ်စောင်မှာလဲ E-Government လုပ်ငန်းများအကောင်အထည်ဖေါ်ရန် ဌာနဆိုင်ရာ ၀န်ထမ်းအများစုမှာ အီးမေးလ်နှင့် အင်တာနက်တို့ကို စံနစ်တကျအသုံးပြုနိုင်ခြင်းမရှိသေးကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးကပြောတာတွေ့လိုက်ရပါတယ်။

လူရွှင်တော်ကိုဇာဂနာရဲ့ ဇာဂနာနှင့်တရားရုံးဟာသများ page မှာလဲ ဒီလိုရေးထားဘူးပါတယ်။
သူ့ကိုတရားရုံးမှာ ရှေ့နေက “ကိုဇာဂနာ ရှင့်အီးမေးလ်ပြော” လို့မေးတော့ ကိုဇာဂနာက thura61@gmail.com လို့ပြောလိုက်တော့ “ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး” ပြောတယ်တဲ့။
ဒါဟာ ကိုဇာဂနာက သက်သက်မဲ့ဟာသ ဖန်တီးပြီးပြောတာမဟုတ်ဘဲ တကယ့်ဟာသ တစ်ခုကို ပြောပြခဲ့တာပါ။

ဒါပေမဲ့ဟာသတစ်ခုဟာ ပြောသူက ဘယ်လောက်ဘဲ ပြောပြောနားထောင်သူက ချက်ခြင်းသဘောပေါက်လို့ရီရခြင်းနဲ့ ဒါမှမဟုတ်နားလည်လို့ စေ့စေ့ တွေးရင်းနဲ့ ရီရတာမျိုးရှိတတ်ပါတယ်။


Email ဆိုတာကိုနားလည်သဘောပေါက်ပြီးသားလူတွေအတွက် အင်မတန်ရီစရာကောင်းတဲ့ ဟာသတစ်ခု ဖြစ်ခဲ့ပေမဲ့ အထက်က ရှေ့နေလို Gmail နဲ့ Email မရှင်း မရှင်းဖြစ်နေသူများ အတွက်ကတော့ ရီစရာကောင်းမှန်း မသိခဲ့ပါဘူး။
အဲဒီတုံးကနားမလည်သူတွေဟာ အခုအချိန်မှာ နားလည်နိုင်ကြလို့ ဒီလို မရှင်း မရှင်းဖြစ်နေသူများဟာ လူနည်းစုဖြစ်တယ်ထင်ရပေမဲ့ အခုလို မိုဘိုင်းဖုန်းတွေပေါ်ကနေ Email, Viber, Messenger, Facebook တွေကိုတွင်တွင် ကျယ်ကျယ် သုံးလာနိုင်ချိန်မှာ ပိုလို့တောင်များလာပါတယ်။

အထူးသဖြင့် Internet Knowledge ဆိုတာ Browser ဆိုတာဘာမှန်းမသိ၊ Gmail တောင်မသုံးတတ်ဘဲနဲ့ Messenger , Viber နဲ့ Facebook တွေမှာ နေ့စဉ်လိုလို  သုံးနေသူများကတော့ Online User စစ်စစ်လို့ ယူဆနေကြပါတယ်။


နောက်ပြီး Brower, Search Engine, Internet security ဆိုတာတွေကို နားလည်စရာမလိုအောင်ကို Android Developer များက Mobile Version Android App မျိုးစုံကိုတီထွင်ပေးထားတဲ့ အတွက် ကျနော်တို့ဆီက Mobile User များဟာ ကျန်တာတွေကို သိစရာမလိုဘူးလို့ယူဆနေကြတာလဲဖြစ်ပါတယ်။

ဒါ့အပြင် Facebook ပေါ်ကာစက Account တစ်ခုကို မြန်မာငွေ ၅၀၀၀ ကျပ်နဲ့ လုပ်စားနေကြသလို အဲဒီလုပ်စားနေသူတွေကို အားပေးနေကြသူများကလဲ မနည်းပါဘူး။


တကယ်တော့ Email ဆိုတာ Electronic Mail ကို အတိုကောက်ခေါ်တာပါ။
အင်တာနက်ပေါ်ကနေပြီး Multimedia Message (MMS) လို့ခေါ်တဲ့ စာသား (Text)၊ ရုပ်ပုံများ (Photo Images)၊ အသံ (Voice/Audio)၊ Video စတာတွေကို Email နဲ့ပေးပို့ခြင်းပါ။
Audio/Video တွေမှာ File Size သိပ်ကြီးနေရင်တော့ တခြားနည်းလမ်း တွေနဲ့လည်း ပို့နိုင်ပါတယ်။

ဥပမာပြောရရင် စားလို့ရတဲ့ အသီးတွေအားလုံးကို Fruit သစ်သီးလို့ ခေါ်ပြီး ဒီသစ်သီးတွေကိုဘဲ အမည်အမျိုးမျိုးကွဲပြီး သရက်သီး (Mango)၊ လိမ္မော်သီး (Orange)၊ ပန်းသီး (Apple)၊ စပျစ်သီး (Grape) စသည်ခေါ်သလို၊ မိုးပေါ်မှာ ပျံနေတဲ့ သတ္တဝါတွေကိုငှက်လို့ခေါ်ပြီး အဲဒီငှက်တွေကိုဘဲ အမည်အမျိုးမျိုးနဲ့ခေါ်သလိုပါဘဲ၊ Email တွေမှာလဲ နာမည်အမျိုးမျိုးနဲ့ မရေမတွက်နိုင်လောက်အောင်များပြားလှပါတယ်။
အခုတော်တော်များများ Email သုံးစွဲသူများဟာ နာမည်ရင်းကတစ်ခြား၊ Email Address ကတစ်ခြားဖြစ်နေတာတွေ တွေ့ရပါတယ်။
ဒါတွေကတော့ နားမလည်လို့ ကိုယ်ကိုယ်တိုင်မလုပ်တတ်လို့၊ သူများလုပ်ပေးတာယူရလို့ဖြစ်သလို၊ နာမည်ရင်း မသုံးရဲဘဲ သူများကို တိုက်ခိုက်ဘို့သုံးတာ၊ ကိုယ်နဲ့နာမည်တူနေလို့သူများကဦးသွားလို့ ကိုယ့်နာမည်နဲ့ မရလို့ ရတာ ယူလိုက်ရတာ၊ ဘာမှမစဉ်းစားတော့ဘဲ Gmail ကချပေးတဲ့ (Suggestion Name) ကိုယူလိုက်ရတာ စသည်ဖြင့် ဖြစ်နေတတ်ပါတယ်။

ဥပမာ- နာမည်ရင်းက Ko Ko ဖြစ်နေပေမဲ့ Email မှာ ဘာမှမဆိုင်တဲ့ laminlay, achitkalay, lover, fighter စသည် ဖြစ်နေရင်၊ အပျော်အပျက်သုံးရင်တော့ရပါတယ်။
ဒါပေမဲ့ Official သုံးရမဲ့နေရာတွေဖြစ်တဲ့ ရုံး၊ ဌာနဆိုင်ရာကိစ္စတွေမှာ သုံးတာ၊ နိုင်ငံရပ်ခြားမှ မိတ်ဆွေများ၊ တက္ကသိုလ်၊ ကောလိပ်များနဲ့ဆက်သွယ်ရာတွေမှာ၊ အလုပ်အကိုင်နဲ့ပတ်သက်လို့ ဆက်သွယ်ရာတွေမှာ၊ နာမည်တွေ၊ ဘွဲ့တွေ၊ အရည်အချင်းတွေမှာ ပြည့်စုံနေပြီး Email တစ်ခုမှာ နာမည်နဲ့ဘာမှ မဆိုင်တဲ့ Nickname ဖြစ်နေရင် ဘယ်သူကယုံကြည်တော့မှာလဲ။ 


See More… အီးမေးလ်အက်တစ်ကတ် (Email Etiquette)
ကိုယ့်နာမည်အပြည့်အစုံမရခဲ့ရင်လဲ မိမိနာမည်နဲ့တွဲပြီး သင့်တော်တဲ့ ဂဏန်း (သို့မဟုတ်) Lucky Number (မိမိမွေးနေ့၊ ၂၀၀၀-၂၀၁၅ ခုနှစ်) koko2015@gmail.com စသည်ဖြင့် သုံးပြီး တစ်ဖက်လူရဲ့ယုံကြည်မှုကိုရစေချင်ပါတယ်။
Gmail, Yahoo Mail တို့လို အခကြေးငွေမပေးရတဲ့ Email တွေကို Free Email လို့ခေါ်ပြီး Myanmar Teleport ကပေးတဲ့ Mail4u လို Email တွေကိုတော့ Paid Email လို့ခေါ်ပါတယ်။
Email လိပ်စာတစ်ခုကို အပိုင်းနှစ်ပိုင်းပေါင်းစပ်ထားပါတယ်။
အလယ်က Email သင်္ကေတကိုတော့ @ (at) လို့ခေါ်ပါတယ်။
Email ကင်္ကေတ @ အရှေ့ကစာလုံးတွေကို User Name လို့ခေါ်ပြီး @ နောက်ကစာလုံး တွေကိုတော့ Computer Name လို့ခေါ်ပါတယ်။
နောက် Computer Name ကတော့ မိမိရဲ့ Website လိပ်စာ (သို့) Domain Name ဘဲဖြစ်ပါတယ်။
ဥပမာ- www.abcdbank.com ဆိုတဲ့ ဘဏ်လုပ်ငန်းတစ်ခုဟာ သူ့ဝန်ထမ်းတွေကို သူ့ ကိုယ်ပိုင် Domain Name ဖြစ်တဲ့ www.abcdbank.com အောက်က Mail Server အောက်မှာဘဲ MD အတွက် md@abcdbank.com ၊ စုံစမ်းရန် Information အတွက် info@abcdbank.com စသည်ဖြင့်ပေးနိုင်ပါတယ်။
ဥပမာ-
  • www.google.com >>> username@gmail.com (Free Email)

  • www.yahoo.com >>>username@yahoo.com (Free Email)

  • www.aol.com >>>username@aol.com (Free Email)

  • www.msn.com >>>username@outlook.com(Free Email)

  • www.msn.com >>>username@hotmail.com (Free Email)

  • Mail4u Email >>>username@mail4u.com.mm (Paid Email)

  • MPT Email >>>username@mpt.net.mm (Paid Email)

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ သူတို့ရဲ့ ၀န်ထမ်း၊ ဆရာ၊ ဆရာမတွေအတွက် သူတို့တက္ကသိုလ်ရဲ့ Domain Name အောက်က Mail Server အောက်မှာဘဲ Email တွေကို အသုံးပြုကြပါတယ်။
လုံခြုံရေးအရရော၊ ဂုဏ်သိက္ခာအတွက်ပါ Free Email များဖြစ်တဲ့ Gmail, Yahoo Mail, Hot Mail တို့ကို အသုံးမပြုကြပါဘူး။

ဥပမာ စင်္ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) ရဲ့ Domain Name (Website Address/ URL) က www.nus.edu.sg ဖြစ်တဲ့အတွက် Email တွေကိုသုံးရာမှာ stuffname@nus.edu.sg ; info@nus.edu.sg ; scholarship@nus.edu.sg စသည်ဖြင့်သုံးပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသားတက္ကသိုလ် (Seoul National University) ရဲ့ Domain Name က www.snu.ac.kr ဖြစ်တဲ့အတွက် Email တွေကိုသုံးရာမှာ stuffname@snu.ac.kr ; info@snu.ac.kr ; scholarship@snu.ac.kr စသည်ဖြင့်သုံးပါတယ်။

ဒီလောက်ဆိုရင်တော့ Email နဲ့ Gmail ကိစ္စရှင်းပြီထင်ပါတယ်။

Leave a Reply

Translate »