Bombing of Hiroshima & Nagasaki

ဟီရိုရှီးမား အနုမြူနှစ်ပတ်လည်

ယခုနှစ်သြဂုတ်လ ၆ ရက် နဲ့ ၉ ရက်နေ့တို့မှာ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါစကီမြို့တို့ကို အနုမြူဗုံးကြဲခြင်းခံခဲ့ရတဲ့ အနှစ် ၇၅ ပြည့်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီတုန်းက လူဦးရေ ၃၅၀,၀၀၀ လောက် ရှိတဲ့ ဟီရိုရှီးမားမြို့မှာ အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ လူပေါင်း ၁၄၀,၀၀၀ ရှိခဲ့ပြီး နာဂါဆာကီမြို့မှာတော့ လူပေါင်း ၇၄,၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မှန်းဆကြပါတယ်။


အဏုမြူဗုံးကြဲခံခဲ့ရတဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဟီရိုရှီးမားမြို့ မှာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့စဉ်
Source URL: https://www.bbc.com/burmese/world-53650988

အဏုမြူဗုံးကြဲခံရပြီးနောက်ပိုင်း တွေ့ရတဲ့ ဟီရိုရှီးမားမြို့
Source URL: https://www.bbc.com/burmese/world-53650988

ဒီလိုအနုမြူဗုံး ကြဲခြင်းခံခဲ့ရတဲ့ အကြောင်းရင်းများစွာရှိတဲ့အထဲမှာ ဂျပန်တို့ရဲ့ ပြင်းထန်မာကြောတဲ့စိတ်ဓါတ်၊ အထူးသဖြင့် လက်နက် ချတယ် ဆိုတာမရှိတဲ့စိတ်ဓါတ်ကြောင့်လဲပါပါတယ်။ ဒီစိတ်ဓါတ်ဟာ Bushido Spirit လို့ခေါ်တဲ့ ဂျပန်စစ်ဝါဒီ ဆာမူရိုင်းတို့ရဲ့ စိတ်ဓါတ် (Samurai Spirit) ဘဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီလိုပြင်းထန် မာကြောပြီး မျိုးအနွယ်ကို အရမ်းချစ်တဲ့ စိတ်ဓါတ်ကြောင့်လဲ စစ်ပြီးကာလမှာ ဂျပန်နိုင်ငံဟာ ပြာပုံဘဝကနေ ကမ္ဘာ့ထိပ်တန်း ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံကြီးဖြစ်ခဲ့ရတာပါ။

ဂျပန် စစ်ဝါဒီတွေရဲ့ တင်းမာတဲ့မလျှော့သောဇွဲလုံ့လကြောင့် ကြားက မြေဇာပင်ဖြစ်ရသူတွေကတော့ အနုမြူဗုံးဒါဏ်ကြောင့် သေဆုံးရုံတင်မကဘဲ ယနေ့ကာလအထိ မျိုးဆက် တွေမှာ အနုမြူရောင်ခြည်သင့်ပြီး ရောဂါဘယတွေနဲ့ လူရုပ် မပေါ်တဲ့လူသားများမွေးဖွားခဲ့ရတဲ့ ဂျပန် ပြည်သူတွေပါဘဲ။ ဒါဟာ စိတ်ဓါတ်လေးတစ်ခုကြာင့် ဘာမှမဆိုင်တဲ့ ပြည်သူတွေ ကြေမွဆုံးရှုံးသွားခဲ့သလို ဒီစိတ်ဓါတ်ကိုဘဲ ကောင်းတဲ့နေရာမှာ အသုံးချလိုက်လို့ ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်သွားတဲ့ ဂျပန်နိုင်ငံရဲ့ဖြစ်စဉ်ပါဘဲ။

ဒီစိတ်ဓါတ်နှစ်ခုမှာ ကွာခြားချက်ကတော့ ပထမစိတ်ဓါတ်ကို အသုံးချသူတွေဟာ နိုင်ငံ့အာဏာကိုချုပ်ကိုင်ထားတဲ့ လူနည်းစုစစ်ဝါဒီ (သို့) Decision Maker တွေကြောင့်ပါ။ ဒုတိယ ကောင်းတဲ့ စိတ်ဓါတ်လဲဘဲ ဒီခေါင်းဆောင်ပိုင်း ဖြစ်တဲ့ Decision Maker တွေ အရမ်းကောင်းပြီး ပြည်သူနဲ့တစ်သားထဲ ကျပြီး စွမ်းဆောင်နိုင်ခဲ့လို့ ဂျပန်ဟာကမ္ဘာ့ ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့ရတာပါ။


အနုမြူဗုံးဟာ ကမ္ဘာပေါ်မှာဂျပန်နိုင်ငံတစ်နိုင်ငံဘဲ ခံခဲ့ရပါတယ်။ သုံးတဲ့နိုင်ငံကလည်း အမေရိကန် တစ်နိုင်ငံ တည်းပါဘဲ။ ဒါပေမဲ့ အဲဒီအချိန်ကကြဲခဲ့တဲ့ နျူကလီးယားလက်နက်ဟာ ဒီနေ့ကာလတိုင်အောင် ကမ္ဘာကြီး ကိုခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။ အနုမြူရောင်ခြည်သင့်ရာကပေါ်ပေါက်လာတဲ့ ရောဂါဝေဒနာ ဆိုးများကိုလည်း ဂျပန် နိုုင်ငံမှာ မျိုးဆက်အဆင့်ဆင့် ခံစားခဲ့ရပါတယ်။

၁၉၄၅ သြဂုတ်လ ၆ရက်နှင့် ၉ ရက် နေ့များမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါစကီတို့ကို ကြဲချလိုက်တဲ့့ အနုမြူဗုံးများရဲ့ ပေါက်ကွဲအားဟာ TNT ယမ်းတန်ချိန်ကီလိုတန် (ထောင်ဂဏန်း) ဘဲရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ရှိနေတဲ့ ဟိုက်ဒြိုဂျင်ဗုံးကတော့ TNT ယမ်းတန်ချိန် (မီဂါတန်) တန်ချိန်သန်းနဲ့ချီပြီး ပေါက်ကွဲအားပြင်းထန်ပါတယ်။ ဒါကြောင့် ဟိုက်ဒြိုဂျင်ဗုံး ဘယ်လောက်ပြင်းထန်တယ် ဆိုတာစဉ်းစားလို့တောင် မရနိုင်ပါဘူး။


အနုမြူဗုံးကြဲရခြင်း အကြောင်းရင်းများကို မဆန်းစစ်ခင် အနုမြူဗုံးစတင်တီထွင်မှုရဲ့ အခြေခံဖြစ်တဲ့ အက်တမ်များကို ပြိုကွဲစေခြင်းဖြင့် ကြီးမားတဲ့့စွမ်းအင်ရရှိမှုကို ၁၉၃၀ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေ သိလာ ပါပြီ။ ဒါကလဲ အိုင်စတိုင်းရဲ့ Relativity Theory အရ ထွက်လာတာပါ။ အဲဒီကာလမှာ အမေရိကန်နဲ့ အခြား သိပ္ပံပညာရှင်များက ဂျာမဏီဟာ အနုမြူလက်နက်ကို ပထမဆုံးအကြိမ်အသုံးချနိုင်လိမ့်မယ်လို့ စိုးရိမ်ခဲ့ကြပါ တယ်။

ဒါကြောင့် ၁၉၃၉ မှာ ဟန်ဂေရီလူမျိုး သိပ္ပံပညာရှင်အက်ဒွပ်တယ်လာ (Edward Teller) နဲ့ သိပ္ပံ ပညာရှင်များက အနုမြူစွမ်းအင်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတကိုသတိပေးရန် အဲလ်ဘတ်အိုင်စတိုင်းကို တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် အိုင်စတိုင်းရဲ့သတိပေးမှုကြောင့် အမေရိကန်သမ္မတ ဖရန်ကလင်ရုစဘဲ့ (Franklin Roosevelt) က အနုမြူဗုံးတီထွင်ရန် လျှို့ဝှက်စီမံကိန်းတစ်ခု ချမှတ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို မန်ဟက်တန်စီမံကိန်း (Manhattan Project) လို့ခေါ်ပါတယ်။

မန်ဟက်တန်ပရောဂျက်က မေရိကန်အနောက်တောင်ပိုင်း နယူးမက္ကဆီကို ပြည်နယ် မန်ဟက်တန်ခရိုင်က (Los Alamos) ဆိုတဲ့ ဓါတ်ခွဲခန်းမှာ ဖြစ်ပါတယ်။ အက်ဒွပ်တယ်လာဟာ ၁၉၅၂ အမေရိကန် သမ္မတ ထရူးမင်း (Harry Truman) လက်ထက်မှာ ဟိုက်ဒြိုဂျင်ဗုံးကို တီထွင်နိုင်ခဲ့တဲ့ အတွက် သူ့ကို “Father of the hydrogen bomb” လို့ခေါ်ခဲ့ပါတယ်။ မန်ဟက်တန် ပရောဂျက်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ သုံးနိုင်ငံ ပါ၀င်ပါတယ်။ မန်ဟက်တန်ပရောဂျက်ရဲ့ ပထမဆုံး အနုမြူဗုံးစမ်းသပ်မှုကို ၁၆ ဇူလိုင်၊ ၁၉၄၅ မှာ အမေ ရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်မှာ (Trinity Test) လို့ခေါ်တဲ့အမည်ဝှက် (Code Name) နဲ့ စမ်းသပ်ဖေါက်ခွဲ အောင်မြင် ခဲ့ပါတယ်။


Trinity Test
ဂျပန်နိုင်ငံကိုအနုမြူဗုံးဘာကြောင့်ကြဲရသလဲဆိုတဲ့ အကြောင်းရင်းများစွာရှိသလို အနုမြုဗုံးသုံးတာ မှန်သလား၊ မှားသလား၊ လူ့ကျင့်ဝတ်အရ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာတွေ ဒီနေ့အထိငြင်းခုန် နေကြတုန်းပါဘဲ။

အနုမြူဗုံးကြဲရခြင်းမှာ ပထမဆုံးရိုးရိုးရှင်းရှင်းတစ်ချက်ကတော့ အနုမြူဗုံးကတီထွင်ပြီးပြီ။ စမ်းသပ်ပြီးပြီ။ ဒါဆိုရင်သူ့ရဲ့ထိရောက်မှုနဲ့ အဖျက်စွမ်းအားကို ဘယ်နေရာမှာ ဘယ်လိုစမ်းသပ်မလဲ။ ဒီနေရာမှာ ပစ်မှတ်က ဟီရိုရှီးမားနဲ့ နာဂါစကီကို တွေ့သွားတာပါဘဲ။ ဟီရိုရှီးမားဟာ ဂျပန်နိုင်ငံရဲ့ သတ္တမအကြီးဆုံးမြို့ဖြစ်ပြီး ဒီမြို့မှာ ရေနံချက်စက်ရုံများ၊ ကုန်ထုတ်လုပ်ငန်းစက်ရုံများ၊ လက်နက်တိုက်များနဲ့စစ်အခြေခံစခန်းများ ရှိနေတဲ့ အတွက် “စစ်ဖက်ပစ်မှတ်” တစ်ခု အလိုလိုဖြစ်လာ ပါတယ်။ ဒီမြို့ရဲ့လူဦးရေကလဲ (၃၄၃,၀၀၀) ရှိပါတယ်။

ပစ်မှတ်ရွေးချယ်ရာမှာလဲ အကြမ်းအားဖြင့် သုံးပိုင်းရှိပါတယ်။
တစ်ပိုင်းက အရပ်သားအများစုရှိပြီး လူနေထူ ထပ်၍ ၃မိုင်ပတ်လည်ထက်ပိုကျယ်တဲ့ မြို့ဖြစ်ရမယ်။
နောက်တစ်ချက်က စစ်စခန်းများ၊ စက်ရုံများရှိတဲ့ နေရာလည်း ဖြစ်ရမယ်။
နောက်ဆုံးအရေးအကြီးဆုံးတစ်ချက်က ရိုးရိုးစစ်တိုက်တဲ့ တိုက်ခိုက်မှုတင်မဟုတ်ဘဲ အရပ်သားတွေ အများကြီး သေစေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာပါ (Psychological effect) ၀င်သွားအောင်လုပ်ခြင်း ဖြစ်ပါတယ်။
ဒီလိုအများကြီးသေစေဘို့ ကျန်တဲ့ဂျပန် မြို့ကြီးတွေကို စိစိညက်ညက် ကြေအောင် ဗုံးကြဲနေပေမဲ့ ပစ်မှတ်ထားတဲ့ မြို့တွေကို ဗုံးမကြဲဘဲထားခဲ့ ပါတယ်။ ဒါမှ ဗုံးဒဏ်မခံရတဲ့ မြို့များကို အရပ်သားများ စုပြုံဝင်ရောက် လာမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၆ ရက်နေ့မှာ ဟီရိုရှီးမားကို ကြဲတဲ့ဗုံးက Little Boy လို့ခေါ်ပြီး ယူရေနီယံဗုံးဖြစ်ပါတယ်။ နာဂါစကီကို ကြဲတဲ့ဗုံးက ပလူတိုနီယံ ဗုံးဖြစ်ပြီး ပိုကြီးတဲ့အတွက် Fat Man လို့ခေါ်ပါတယ်။ ဟီရိုရှီးမားကို အီနိုလာဂေး (Enola Gay) လို့ ခေါ်တဲ့ ဘီ-၂၉ ဗုံးကြဲလေယာဉ်ကြီးနဲ့ ကြဲခဲ့တာဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုမှာ အပူချိန်က ရ၀၀၀ ဒီဂရီ စင်တီဂရိတ် ရှိပြီး မှိုပွင့်ပုံစံ တိမ်တိုက်ကြီးက နာရီပေါင်းများစွာ ကျန်ရှိနေခဲ့ပါတယ်။

အနုမြူဗုံးပေါက်ကွဲမှုကြောင့် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာလို့ခေါ်တဲ့ ရောင်ခြည် တွေဖြာထွက်ပြီး ဒီရောင်ခြည်တွေက လူတွေရဲ့ခန္ဓာကိုယ်ထဲဖေါက်ဝင်ပြီး ချက်ခြင်းသေကြသလို၊ နောက်ပိုင်းမှာလည်း သွေးကင်ဆာ၊ ရိုးရိုးကင်ဆာတို့ဖြစ်ပြီး တဖြည်းဖြည်းသေကုန်ကြပါတယ်။ အနုမြူ ရောင်ခြည်သင့်ပြီး မသေဘဲကျန်ခဲ့တဲ့ လူတွေက မွေးဖွားလာခဲ့တဲ့ နောက်မျိုးဆက်ကလေးများဟာလဲ ကင်ဆာ ရောဂါများခံကြရသလို အချို့မှာ နားရွက်၊ ပါးစပ်ပေါက်မပါခြင်း၊ မျက်လုံးက ဦးခေါင်းနောက်ပါလာခြင်းစတဲ့ မျိုးဗီဇ ချို့ယွင်းမှုများပါ ခံစားခဲ့ကြရပါတယ်။

၁၉၄၅ စာရင်းအရဆိုရင် ဟီရိုရှီးမားမှာ လူပေါင်းတစ်သိန်းလေးသောင်း (၁၄၀,၀၀၀) လောက်သေပြီး၊ နာဂါစကီမှာ ရှစ်သောင်း (၈၀,၀၀၀) လောက်သေပါတယ်။

ဟီရိုရှီးမားအနုမြူဗုံးချခံရပုံကို သတင်းသမားတစ်ဦးက ဒီလိုဖေါ်ပြခဲ့ပါတယ်။ “ရုတ်တရက် စူးကနဲ အဖြူရောင်လိုလို၊ ပန်းရောင်လိုလို အလင်းကြီးကောင်းကင်မှပေါ်လာပြီး တွေ့ထိသူမှန်သမျှ အသက်ရှူ ကြပ်၍ သော်လည်းကောင်း၊ လောင်ကျွမ်း၍သော်လည်းကောင်း၊ သေစေနိုင်သည့် ပြင်းထန်သောအပူကြီးနှင့် လေထု ကြီးသည် သူဆင်းချလာရာပတ်ဝန်းကျင်တစ်ခုလုံး သိမ်းကြုံးရှင်းလင်းပစ်လိုက်လေသည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် ဟီရိုရှီးမားမြို့လည်ခေါင်လမ်းများပေါ်ရှိ ထောင်ချီနေသောလူများမှာ ယင်းအပူဓါတ်ကြီးဖြင့် တောက်လောင်၍ မီးသွေးတုံးအတိဖြစ်ကုန်တော့၏။ အချို့တော်တော်များများမှာမူ မီးလောင်ကျွမ်းရင်းလူးလှိမ့် အော်ဟစ်လျက်ရှိနေကြ၏။ ၄င်းနောက်မှပေါက်ကွဲသံကြီးပေါ်လာပြီး ယင်းပေါက်ကွဲမှုနှင့်အတူ နံရံများ၊ အိမ်များ၊ စက်ရုံများနှင့်အခြား အဆောက်အဦများ အားလုံးပျောက်သွားကြ၏။ ဟီရိုရှီးမားကား လုံးဝရှိတော့မည်ဟုတ်ချေ။ ပထမဆုံး အနုမြူဗုံးသည် သူ့လုပ်ငန်းကိုဆောင်ရွက်လိုက် လေပြီ”။

အနုမြူဗုံးသတင်းကြောင့် အိုင်စတိုင်းကိုယ်တိုင်ကပင် “သူအရင်တုန်းက ဆွစ်ဇာလန်မှာ နာရီပြင်တဲ့ အလုပ် လုပ်ခဲ့ဘူးတယ်၊ ဒီလိုသာအနုမြူဗုံးက လူတွေအများကြီးသေမယ်မှန်းသိရင် E=MC2 ဆိုတဲ့ ဖေါ်မြူလာကို မထွင်ခဲ့ဘူး၊ နာရီဘဲ လုပ်စားနေပါတယ်” လို့ပြောပါတယ်။ အီနိုလာဂေးကိုမောင်းတဲ့ ကပ္ပတိန်ပိုင်းလော့ (Colonel Paul Tibbets) ကိုယ်တိုင်လည်း သူဗုံးချပြီး မှိုပွင့်ကြီးတက်လာတော့ မောင်းပြေးရပါတယ်။ နောက်ပိုင်းမှာ စိတ်တော်တော် ထိခိုက်သွား ပါတယ်။

အနုမြူဗုံးကြဲဘို့အတွက် ပစ်မှတ်ကိုရွေးရာမှာလဲ အငြင်းပွားစရာများပေါ်လာခဲ့ပါတယ်။ ဘာဖြစ်လို့ ဂျာမဏီကို မရွေးဘဲဂျပန်ကိုရွေးတာလဲ။ ဂျပန်ဟာ အာရှတိုက်သားမို့လို့ရွေးတာလား။ အမေရိကန်တို့ရဲ့ပုလဲ ဆိပ်ကမ်းကို ဂျပန်က အလစ်ဝင်တိုက်တဲ့အတွက် လက်စားချေဘို့လားစသည်ဖြင့် မေးခွန်းများပေါ်လာခဲ့ပါတယ်။

ဂျာမဏီကို မရွေးရတဲ့ အကြောင်းမှာ ဂျာမဏီဟာ ၇ မေ၊ ၁၉၄၅ မှာ မဟာမိတ်တို့ထံ ချွင်းချက်မရှိ လက်နက်ချ ခြင်းဖြင့် မေလ ၈ ရက်နေ့က စပြီး ဥရောပမှာ စစ်မီးငြိမ်းသွားခဲ့ပြီးဖြစ်ပါတယ်။ နောက်ပြီး မန်ဟက်တန်ပရောဂျက်ရဲ့ ပထမဆုံးအနုမြူဗုံး စမ်းသပ်မှုကလည်း ဂျာမဏီလက်နက်ချပြီး ၁၆ ဇူလိုင်၊ ၁၉၄၅ မှာမှ စမ်းသပ် ဖေါက်ခွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အနုမြူဗုံးစမ်းသပ်ဖေါက်ခွဲပြီး နောက်တစ်နေ့ ၁၇ ဇူလိုင်၊ ၁၉၄၅ မှာ ဂျာမဏီနိုင်ငံ ပို့စ်ဒမ်မြို့မှာ ပို့စ်ဒမ် ကွန်ဖရင့် (Potsdom Conference) ကျင်းပပြီး ကြီးသုံးကြီး ဖြစ်တဲ့ အမေရိကန်သမ္မတ ထရူးမင်း (Harry S. Truman)၊ ဆိုဗီယက်သမ္မတ စတာလင် (Joseph Stalin) နဲ့ အင်္ဂလိပ်ဝန်ကြီးချုပ် ၀င်စတန်ချာချီ (Winston Churchill) တို့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၂၅ ဇူလိုင်မှာ ချာချီ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့လို့ လေဘာပါတီက ၀န်ကြီးချုပ် အက်တလီ က ပို့စ်ဒမ်ကွန်ဖရင့်ကို ဆက်ပြီးတက်ရောက်ခဲ့ပါတယ်။

ပို့စ်ဒမ်ကွန်ဖရင့်ရဲ့ အရေးပါတဲ့ အချက်ကတော့ ကမ္ဘာကျော် အနုမြူဗုံးကိစ္စဘဲဖြစ်ပါတယ်။ အနုမြူဗုံးကမသုံးလို့မဖြစ်၊ ဂျပန်တွေက ဆာမူရိုင်း မျိုးနွယ်ကလာတဲ့ စစ်ရူးတွေဖြစ်လို့ ဒီလောက်ခေါင်းမာပြီး သတ္တိပြောင်လှတဲ့ ဂျပန်စစ်သားတွေကို ဒူးထောက် လာအောင်စွမ်းဆောင်နိုင်တဲ့ တစ်ခုတည်းသောကြောက်စရာအကောင်းဆုံးလက်နက်ဘဲ ဖြစ်ပါတယ်။ တကယ်တော့ ပို့စ်ဒမ်ကွန်ဖရင့်ဟာ ကမ္ဘာကြီးတစ်ခုလုံးကို စတာလင်၊ ထရူးမင်းနဲ့ ချာချီဆိုတဲ့ လူသုံးဦးလက်ထဲ ထဲ့လိုက်သလိုပါဘဲ။

ဒုတိယကမ္ဘာစစ်ကြိုကာလတွေမှာ ဂျာမဏီမှာ နာဇီဝါဒ၊ အီတလီမှာ ဖက်ဆစ်ဝါဒတွေ ထွန်းကား အောင်ပွဲခံခဲ့သလို ဂျပန်နိုင်ငံရဲ့ဖက်ဆစ်ဝါဒကို အားကောင်းစေခဲ့တဲ့ စစ်ဝါဒ (Militarism) ဟာလဲ အဲဒီကာလ တွေမှာထွန်းကားပြီး အခြေခိုင်ခဲ့ပါတယ်။

ဂျပန်ရဲ့စစ်ဝါဒကို ကျင့်သုံးတဲ့ စစ်ဝါဒီ (Militarists) တွေဟာလဲ သူတို့ရဲ့ ဆာမူရိုင်းစစ်သူရဲကောင်းမျိုးနွယ်မှဆင်းသက်လာတဲ့ ဘူရှိဒိုစိတ်ဓါတ်၊ ဆာမူရိုင်းစိတ်ဓါတ်တွေကို အခြေခံ လာတဲ့ အတွက် စစ်ပွဲတစ်ခုရဲ့အောင်နိုင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းမှာ၊ ရှုံးနိမ့်ခြင်း၊ လက်နက်ချခြင်း၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း များကို လုံးဝလက်မခံနိုင်တာကို တွေ့ရပါတယ်။
ဘူရှိဒိုစိတ်ဓါတ် (Bushido Spirit)

ဘူရှိဒိုမှာ ‘Bushi’ ဆိုတာ စစ်သည် ‘warrior’ ဖြစ်ပြီး Do ဆိုတာကတော့ ‘Way’ ဖြစ်ပါတယ်။
ဒါကြောင့် Bushido ဆိုတာ ‘The way of the warrior’ (သို့မဟုတ်) ‘The way of the Samurai life’ ဖြစ်ပါတယ်။ ဘူရှိဒိုစိတ်ဓါတ်မှာ တာဝန်ယူစိတ်အပြည့်ပါသွားတွေ့ရပါတယ်။

ရုပ်ရှင်ချင်းတူရင်တောင် ဆာမူရိုင်းရုပ်ရှင်နဲ့ တစ်ခြား အတိုက်အခိုက်ရုပ်ရှင်တွေ မတူကြပါဘူး။ တစ်ခြားကားတွေမှာသေနတ်ချင်း၊ ဓါးချင်းယှဉ်လို့ ရန်သူ ရှုံးသွားရင် ရှုံးသွားတဲ့ရန်သူကို မသတ်ဘဲထားပြီး မသွားလိုက်နဲ့ နောက်ကလက်နက်ပုံးနဲ့ လှမ်းပစ်တာတို့ ဘေးမှာကျနေတဲ့ လက်နက်နဲ့ယူပစ်တာတို့နဲ့ ရှုံးသူကနိုင်သူကို ပြန်ပြီးအနိုင်ယူတတ်ကြပါတယ်။
ဆာမူရိုင်းက ဒီလိုမဟုတ်ဘူး။ ဓါးချင်းယှဉ်ခုတ်လို့ တစ်ဖက်ရန်သူသွေးထွက်သံယိုမဖြစ်ဘဲ ဆောင်ဓါးလွတ်ကျသွားရင်တောင် နိုင်သူကရှုံးသူကို ဘာမှမလုပ်ဘဲထွက်သွားတတ်ပါတယ်။ ဒါဆိုရှုံးသူက ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက် အရှက်ကို အသက်နဲ့လဲပြီး ကိုယ့်ဗိုက်ကိုခွဲပြီးသတ်သေတဲ့ ဟာရာခိရိ လုပ်ရပါတယ်။
Samurai
ဟာရာခိရိ (Harakiri)

ဟာရာခိရိဆိုတာကတော့ (Harakiri= Cutting the belly) မိမိ၀မ်းဗိုက်ကို ဓါးဖြင့်ထိုးခွဲ၍ သတ်သေ ခြင်းပင် ဖြစ်ပါ တယ်။ ဂျပန်တွေဟာ ဆာမူရိုင်းစစ်သူရဲကောင်းမျိုးနွယ်မှ ဆင်းသက်လာတဲ့ စစ်ဝါဒီ (Militarists) များဖြစ်ကြပါတယ်။ ဆာမူရိုင်းစိတ်ဓါတ် (Samurai Spirit) မှာ လက်နက်ချ (သို့) ရှုံးနိမ့်သူ ဆာမူရိုင်း တစ်ဦးအတွက် ဂုဏ်သိက္ခာ မရှိတော့ ၍သူ့အသက်မှာလည်းတန်ဘိုးမရှိတော့ပေ။ ဒီအခါမှာ ရှုံးသူက ဟာရာခိရိ လုပ်၍ကိုယ့်ကိုယ်ကို သတ်သေ ရပါတယ်။

ခါမီခါဇေ (ကာမီကာဇေ) Kamikaze

ခါမီခါဇေ ဆိုတာကတော့ ဘုရားလေ (God Wind or Divine Wind) ဖြစ်ပါတယ်။ မဟာမိတ် စစ်သင်္ဘောများ အကြောက်ရဆုံးမှာ ဂျပန်တို့ရဲ့ ခါမီခါဇေ ခေါ် လေယဉ်တစ်စီးလုံးဗုံးအပြည့်တင်ပြီး မဟာမိတ် စစ်သင်္ဘောများအပေါ်ကို ထိုးဆင်းပြီး အသေခံဗုံးခွဲတိုက်ခိုက်မှုဘဲဖြစ်ပါတယ်။ ၄င်းတို့ကို Suicide Bomber (သို့မဟုတ်) Zero Pilot လို့လည်းခေါ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီဂျာမန်တို့ ကလည်း (Leonids Squadron) လို့ခေါ်တဲ့ အသေခံဗုံးခွဲအဖွဲ့ (Suicide Aircraft Pilot) အဖွဲ့များကိုဖွဲ့ခဲ့ပေမဲ့လဲ ဂျာမန်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင်က မလိုလားလို့ မသုံးနိုင်ခဲ့ပါဘူး။
တောတွင်းတိုက်ပွဲများမှာ ဂျပန်ကို ဘယ်သူမှမမှီ (The Invincible Jap)

အရှေ့တောင်အာရှရှိ မဟာမိတ်တပ်ပေါင်းစုရဲ့ သေနာပတိ မောင့်ဘက်တန်က ဂျပန်စစ်သားတွေကို ဒီလိုမှတ်ချက်ချပါတယ်။
“ဂျပန်စစ်သားများဟာ သိပ်အကြမ်းခံနိုင်၊ ခရီးကြမ်း၊ ခရီးဝေးသွားနိုင်၊ ၀န်လေးများ သယ်နိုင်ပြီး၊ ဗြိတိသျှစစ်သားတစ်ယောက် ရာရှင်မကောင်းဘူးလို့ညည်းတတ်တဲ့ ရာရှင်အမျိုးအစားမျိုးနဲ့ ရောင့်ရဲ နိုင်တယ်။ နောက်သူတို့ကို ကျုပ်(မောင့်ဘက်တန်) အထင်အကြီးဆုံးကိစ္စက ဘယ်တော့မှ လက်မြှောက်အရှုံး မပေးဘူး။ တိုက်ပွဲဖြစ်ပြီဆိုရင်လဲ ဂျပန်နဲ့တိုက်လို့များ ဘယ်တော့မှပြီးပြီလို့စိတ်ချလို့မရဘူး၊ အကျအဆုံး ဘယ်လောက်အတုံးအရုံးဖြစ်နေပစေ ထပ်ပြန်တလဲလဲတိုက်တာဘဲ။ ဂျပန်တွေဟာ ခံစစ်ပြိုပြီဆိုရင်လဲ နောက်ဆုံး တစ်ယောက်ကျန်သည်အထိ ကျန်တစ်ယောက်ကတောင် ခံတိုက်တယ်။ နို့မို့ဘယ်တော့မှ လွယ်လွယ်နဲ့ လက်နက်ချလေ့မရှိဘူး” လို့ဆိုခဲ့ပါတယ်။


ဂျပန်စစ်ဥပဒေ

ဂျပန်စစ်ဥပဒေအရဆိုရင် ဂျပန်စစ်သားတစ်ယောက်ဟာလက်နက်ချလိုက်လို့ မိမိဂုဏ်သိက္ခာ ညှိုးနွမ်း သွားသည်နှင့် တစ်ပြိုင်နက် သူ့အသက်မှာလုံးဝတန်ဘိုးမရှိတော့ပေ။ ထိုသဘောတရားအတိုင်း မဟာမိတ် စစ်အကျဉ်း သားများကို အသက်ရှင်လျက်ထားရန် ဂျပန်တို့အလွန်တုံ့ဆိုင်းနေကြပါတယ်။

ဂျပန်တို့သိမ်းမိသော နေရာတိုင်းရှိ အကျဉ်းစခန်း များမှာ အခြေအနေအလွန်ဆိုးရွားနေကြောင်းနဲ့ အချို့နေရာများမှာ ကြောက်မက်ဖွယ် အခြေအနေ များပင်ရှိကြောင်း လေဒီမောင့်ဘက်တန်က ကမ္ဘာ့ကြက်ခြေနီနှင့်စိန်ဂျွန်းဌာနချုပ်သို့ အစီရင်ခံခဲ့ပါတယ်။ ဒါကြောင့် ဒုတိယ ကမ္ဘာစစ်ကြီး ဟာ အခုပြီးစီးမဲ့ရက်ထက်နောက်ထပ်ရက်သတ္တ (၃) ပတ်လောက်နောက်ကျပြီး ပြီးမယ်ဆိုရင် အသက်ရှင်ကျန်သူ တစ်ယောက်မှ ရှိတော့မှာမဟုတ်ပါဘူး။


အိုင်ဝိုဂျီမားကျွန်းတိုက်ပွဲ

၁၉၄၅ ဖေဖေါ်ဝါရီလမှာ အိုင်ဝိုဂျီမားကျွန်းကို အမေရိကန်တပ်များဝင်ရောက်တိုက်ခိုက်ရာမှာ လေကြောင်း က ဗုံးတန်ချိန် (၆၈၀၀) ကြဲယူရပြီး၊ ရေကြောင်းသင်္ဘောများရှိ အမြှောက်ကြီးများက အမြှောက်ဆန်ပေါင်း (၂၂၀၀၀) ပစ်ယူခဲ့ရပါတယ်။

သို့တိုင်အောင် အိုင်ဝိုဂျီးမားကျွန်းကိုသိမ်းပိုက်ရာမှာ အမေရိကန်တို့ရဲ့ကမ်းတက် ကြည်းတပ်သား သုံးပုံတစ်ပုံ ကျဆုံးခဲ့ရပါတယ်။ ဂျပန်တို့ဘက်ကလဲ ဂျပန်စစ်သား စုစုပေါင်း နှစ်သောင်း (၂၀၀၀၀) မှာ (၂၁၆) ယောက်သာ အသက်ရှင်လျက်အကျဉ်းသားအဖြစ်ရခဲ့ပါတယ်။ ပစိဖိတ်ဒေသရဲ့ အဆိုးရွားဆုံး တိုက်ပွဲတစ်ခုဖြစ်ပါတယ်။

တိုက်ပွဲစတုတ္ထမြောက်နေ့ ဖေဖေါ်ဝါရီလ(၂၃)ရက်နေ့မှာ မရိမ်းတပ်သားများက အိုင်ဝိုဂျီးမားကျွန်းရဲ့အမြင့်ဆုံး တောင်ထိပ်ဖြစ်တဲ့ ဆူရီဘာချီတောင် ကို သိမ်းပိုက်ပြီး ၄င်းတောင်ထိပ်မှာ အမေရိကန်အလံကိုစိုက်ထူခဲ့ပါတယ်။ ဒီအလံစိုက်ထူပုံကို Associated Press (AP) အေပီ သတင်းဌာနက ဓါတ်ပုံဆရာ ဂျိုးရိုဆင်တဲလ် (Joe Rosenthal) က သမိုင်းဝင်ဓါတ်ပုံ တစ်ပုံကိုရိုက်ခဲ့ရာမှာ ဒီဓါတ်ပုံဟာ ၁၉၄၅ ခုနှစ်မှာ ပူလစ်ဇာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အိုကီနာဝါကျွန်းတိုက်ပွဲ

မဟာမိတ်တပ်တွေဟာ အိုကီနာဝါကျွန်းကိုရဘို့ ၁၉၄၅ ဧပြီလမှ ဇွန်လ အထိ(၈၂)ရက် ကြာတိုက်ယူ ရပါတယ်။ အမေရိကန်တပ်သားပေါင်း ငါးသောင်း (၅၀၀၀၀) ကျပြီး၊ ဂျပန်ကတော့ တစ်သိန်းတိတိ ကျပါတယ်။ ဂျပန်တွေ ဘယ်လိုကျသလဲဆိုတော့ သူတို့ကလုံးဝလက်နက်မချကြပါဘူး။ ကိုယ့်ဗိုက်အောက်ကိုယ် ဗုံးထဲ့ခွဲတဲ့လူနဲ့၊ ဗိုလ်ချုပ်တွေကတော့ ကိုယ့်ဗိုက်ကိုခွဲပြီး ဟာရာခိရိလုပ်ကြတယ်။
ဒီတော့ဂျပန်တွေဟာ သူတို့နိုင်ငံအပြင်ဘက်က ကျွန်းလေးတစ်ကျွန်းဖြစ်တဲ့ အိုကီနာဝါကိုတောင်ဒီလောက်ခုခံနေရင် သူတို့တကယ်အခြေချနေထိုင်တဲ့ ကျွန်းမကြီး တွေကို၀င်တိုက်ရင်ဘယ်လိုဖြစ်မယ်တောင်မခန့်မှန်းနိုင်ပါဘူး။ ဟီရိုရှီးမားမှာထက် အိုကီနာဝါမှာသေတဲ့ ဂျပန်လူမျိုး တွေကပိုများနေပါတယ်။
ဒါဆိုရင် အိုကီနာဝါအဖြစ်မျိုးနောက်ထပ်ဘယ်လောက်လိုချင်ပါသလဲ ဆိုတဲ့မေးခွန်းနဲ့ မဟာမိတ်တို့စဉ်းစားရပါပြီ။ အဖြေက အိုကီနာဝါအဖြစ်မျိုးမလိုလားတာနဲ့ အနုမြူဗုံးကိုစဉ်းစားတဲ့ အဖြစ်မျိုးရောက်ခဲ့ ရတာပါဘဲ။ တနည်းအားဖြင့် ဒီလောက်ကြောက်စရာကောင်းတဲ့စစ်ကြီးကို မြန်နိုင်သမျှမြန်မြန်အဆုံးသတ်မဲ့နည်းကို ရှာခြင်းလဲဖြစ်ပါတယ်။ ဒါနဲ့တောင်မသေခြာသေးလို့ ဂျပန်တွေစစ်ပြေငြိမ်းမဲ့ အခြေအနေမရောက်ရောက်အောင် နောက် (၃) ရက်အကြာမှာ နာဂါစကီကို ဒုတိယအနုမြူဗုံး ကြဲခဲ့တာဖြစ်ပါတယ်။
ဂျပန်လက်နက်ချခြင်း

သြဂုတ်လ (၉) ရက်နေ့မှာ နာဂါစကီကို ဒုတိယအနုမြူဗုံးချအပြီး၊ ၁၄ သြဂုတ်၊ ၁၉၄၅ မှာတော့ ဂျပန်နိုင်ငံက ချွင်းချက်မရှိလက်နက်ချခြင်း တင်ပြလာပါတယ်။ ဂျပန်လက်နက်ချအခမ်းအနားကို တိုကျိုပင်လယ် ကွေ့ရှိအမေရိကန် စစ်သင်္ဘောကြီး မစ်ဆူရီပေါ်မှာ ၂ စက်တင်ဘာ၊ ၁၉၄၅၊ တနင်္ဂနွေ နေ့မှာ ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမက်အာသာက မဟာမိတ်တပ်များကိုယ်စား ဂျပန်လက်နက် ချတာကို ခံယူခဲ့ပါတယ်။
ဟီရိုရှီးမားနဲ့နာဂါစကီကို ကြဲခဲ့တဲ့ဗုံးတွေဟာ အင်မတန်ကြောက်စရာကောင်းပြီး အဖျက်စွမ်းအား ကြီးမားတဲ့ ဗုံးတွေဆိုတာထက် စိတ်ပိုင်းဆိုင်ရာကို နက်ရှိုင်းစွာထိခိုက်စေတဲ့ လက်နက် (Psychological Weapon) များဘဲ ဖြစ်ပါတယ်။
ဂျပန်ကိုလက်နက်ချစေရန်ရည်ရွယ်ပြီး အနုမြူဗုံးကြဲခြင်းဟာ အမေရိကန်နိုင်ငံအဖို့ လူ့ကျင့်ဝတ် အရ တရားမျှတမှုရှိသလား၊ မရှိဘူးလားဆိုတာကို ပညာရှင်များကြားမှာ ဆယ်စုနှစ်ပေါင်းများစွာဆွေးနွေးငြင်းခုံ စရာဖြစ်ခဲ့ရပါတယ်။ ဗုံးကြဲခြင်းကိုထောက်ခံသူများကတော့ ဒီလိုဗုံးကြဲလို့ဂျပန်လက်နက် ချလိုက်တာကြာင့် ဂျပန်နိုင်ငံ ထဲဝင်တိုက်လို့ ဖြစ်ပေါ်လာမဲ့ နှစ်ဖက်လုံးအလွန်ကြီးမားများပြားတဲ့ သေကြေပျက်စီးမှုများကို ရှောင်လွှဲနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံထဲအထိ၀င်တိုက်ရင် ဘယ်လောက်အထိသေကြေ ပျက်စီးမလဲဆိုတာကို အိုကီနာဝါကျွန်း တိုက်ပွဲက သက်သေပြနေပါတယ်။

ဒီထဲမှာ ၁ သြဂုတ်၊ ၁၉၄၄ မှာထုတ်ပြန်ခဲ့တဲ့ ဂျပန်စစ်ဝန်ကြီးဌာနရဲ့အမိန့်မှာ မဟာမိတ်စစ်သုံ့ပန်းများ (Prisoners of War-POW) ကိုသုတ်သင်ပစ်ဘို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဟီရိုရှီးမားကို ဗုံးကြဲပြီးပြီးခြင်း ဂျပန်စစ်ဝန်ကြီးရဲ့ပြောဆို ချက်မှာ လက်နက်ချဘို့ကို ကန့်ကွက်တဲ့အပြင် အမေရိကန်တို့မှာ ဒီဗုံးတစ်လုံးဘဲရှိပြီး နောက်ထပ်ကြဲစရာ မရှိတော့ကြောင်းပြောပါတယ်။ ဒါကြောင့် စစ်ဝါဒီ စစ်ဝန်ကြီးရဲ့သဘောထား တင်းမာမှု၊ အမြင်မကျယ်မှုတွေကြောင့် ဗုံးတစ်လုံးနဲ့လက်နက်ချမဲ့အရိပ်အရောင်မတွေ့ရလို့ နောက် (၃) ရက်အကြာ မှာ နာဂါစကီကိုချလိုက်ပါတယ်။

ဒါဆိုရင် စစ်ဝန်ကြီးအနေနဲ့ ဗုံး (၂) လုံးချတာတောင် (၂) လုံးထက်မပိုနိုင်ပါဘူးဆိုပြီး လက်နက်မချဘဲတင်းခံနေရင်တော့ တတိယမြောက် ဗုံးဟာ တတိယမြို့ပေါ်ကိုကျနိုင်မလားဆိုတာ သမိုင်းကြောင်း မှာ ထိပ်တန်းလျှိ့ဝှက်ချက်ဖြစ်လို့ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့်သမိုင်းကြောင်းဆိုတာ ဖျောက်ဖျက်လို့မရသလို အတိတ် သမိုင်းကြောင်းကို သိသင့်၊ သင်ခန်းယူသင့်တယ်ဆိုတာကို အထက်ပါ ဟီရိုရှီမားအဖြစ်အပျက်က သက်သေ ပြနေ ပါတယ်။


ဒုတိယကမ္ဘာစစ်ကာလ အာရှစစ်မျက်နှာမှ မဟာမိတ်စစ်ဦးစီးချုပ်များ

ဗဟိုပစိဖိတ်အလယ်ပိုင်းဒေသရှိဂျပန်ရေတပ်ကိုအဓိကတိုက်သည့်ဗို်လ်ချုပ်ကြီးနီမစ်(Admiral Nimitz) သြတြေးလျတိုက်မှာ အခြေစိုက်ထားသော အနောက်တောင်ပစိဖိတ်ဒေသကို တာဝန်ယူရသည့် ဗိုလ်ချုပ်ကြီး မက်အာသာ (General Mac Arthur)
အိန္ဒိယမှာ အခြေစိုက်၍ အရှေ့တောင်အာရှဒေသကို တာဝန်ယူရသော မောင့်ဘက်တန် (Lord Mount batten), (Admiral of the Fleet the Earl of Mount batten of Burma) တရုပ်ပြည်မကြီးကိုတာဝန်ယူရသော ဗိုလ်ချုပ်ကြီး လက်စီဖို ချန်ကေရှိတ် (General Lissimo Chiang Kai Shek)
ကိုးကား

USIS, American Mosaic, 2003 Series,
ကိုကိုလှိုင်၊ ဦး၊ Global Panorama (1),
မောင်ဇေယျာ၊ မောင့်ဘက်တန်၊ BBC TV အစီအစဉ်သို့ ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ


Leave a Reply

Translate »